International News

ဂျပန်နိုင်ငံတွင် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခွင့်ပြုရန် ပြင်ဆင်နေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ချမှတ်ခဲ့သည့် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကြေညာချက်ကို မေလ ၂၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို အဆင့်လိုက် ပြန်လည်လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုသွားရန် ဂျပန်အစိုးရက စီစဉ်နေပါသည်။ ဂျပန်၏ ခရိုင် ၄၇ ခုတွင် နောက်ဆုံးကျန်ရှိနေသည့် ခရိုင် ၅ ခုကို  အရေးပေါ် အခြေအနေကြေညာချက်ကို ရုပ်သိမ်းကြောင်း ဝန်ကြီးချုပ် ရှင်ဇိုးအာဘေးက မေလ ၂၅ ရက် (တနင်္လာနေ့) ၌ ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။  

ကိုရိုနာဗိုင်းရပ်စ် လွှမ်းမိုးနေသည့်  ခေတ်ကာလတွင် ဂျပန်နိုင်ငံ၏  လူနေမှုပုံစံသစ်ကို ဖန်တီးထူထောင်သွားမည်ဖြစ်ကြောင်း  မစ္စတာ အာဘေးက ပြောကြားခဲ့ပါသည်။ ထို့အပြင် အရေးပေါ်ကြေညာချက်ကို ရုပ်သိမ်းလိုက်သော်လည်း ကူးစက်မှုဖြစ်နိုင်သည့် အန္တရာယ်ကို သုညအဆင့်အထိ ဖြစ်သွားရန် လျှော့ချနိုင်မည် မဟုတ်ပါကြောင်းဟုလည်း  ဝန်ကြီးချုပ် က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသတစ်ခုချင်းစီတွင် ရောဂါကူးစက်မှု အတိုင်းအတာနှင့် ရောဂါပြန့်နှံ့မှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုများကို အကဲဖြတ်လျှက် ခန့်မှန်းခြေအားဖြင့် သီတင်း ၃ ပတ်ခန့် ခြားပြီး ကန့်သတ်တားမြစ်ချက်များအား ဆက်လက် ဖြေလျှော့သွားရန် ပြင်ဆင်နေကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများနှင့်ပတ်သက်၍ တက်ရောက်သူ အရေအတွက်ကို ကန့်သတ်သတ်မှတ်ပြီးမှသာ ကျင်းပဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ကန့်သတ်ချက်များကို အဆင့်လိုက် ဖြေလျှော့သွားမည် ဖြစ်ပါကြောင်း၊  အားကစားပွဲများကို ဇွန်လ ၁၉ ရက်နေ့က စတင်ကျင်းပရန် ခွင့်ပြုသွားမည်ဖြစ်ပြီး ပွဲကြည့်ပရိသတ် အရေအတွက်ကိုလည်း တဖြည်းဖြည်း တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ မည်သည့်ပမာဏအမျိုးအစားရှိ အားကစားပွဲမျိုးကိုမဆို ဩဂုတ်လ ၁ ရက်နေ့ကစ၍ ပြန်လည်ကျင်းပခွင့်ပြုသွားရန် ဂျပန် အစိုးရက စီစဉ်နေကြောင်း သိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News